International News

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ပရာဂါတိမယ်ဒန် (Pragati Maidan) တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ ဗဟိုဌာနသစ်တစ်ခုဖွင့်လှစ်

Last Updated:

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ယခုလ ၂၆ ရက်နေ့က နယူးဒေလီမြို့တော်၊ ပရာဂါတိမယ်ဒန်(Pragati Maidan)၌တည်ရှိသော အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများကျင်းပရာဗဟိုဌာန(IECC complex)သို့ရောက်ရှိကာ ကုန်စည်ပြပွဲဗဟိုဌာနသစ်၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ IECC complex သို့မဟုတ် အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့(India Trade Promotion Organisation -ITPO) ၏ complex ကို ရူပီးငွေ ၂၇၀၀၀ သန်းခန့်အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏ အစည်းအဝေးများ၊ မက်လုံးပေးစွဲဆောင်မှုများ၊ ဆွေးနွေးပွဲများ၊ ကုန်စည်ပြပွဲများကျင်းပရာ(MICE-Meetings, Incentives, Conferences, and Exhibitions) အကြီးဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းအဆင့်ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများကျင်းပရာ အဆောက်အဦများတည်ရှိရာ complex များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်သည် အဆိုပါကုန်စည်ပြပွဲဗဟိုဌာနသစ်ဖွင့်ပွဲအခမ်းအနား၌ အထိမ်းအမှတ်တံဆိပ်ခေါင်းနှင့် ဒင်္ဂါးပြားများကို ထုတ်ဝေခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ အိန္ဒိယနိုင်ငံ၏ဒီမိုကရေစီစနစ်သည် အစဉ်အမြဲဂုဏ်ယူဖွယ်ရာကိစ္စတစ်ခုဖြစ် ကြောင်း၊ BJP ပါတီ၏ တတိယသက်တမ်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ အိန္ဒိယနိုင်ငံသည် ၎င်း၏အခြေခံမူအတိုင်း မြန်မြန်ဆန်ဆန်တိုးတက်လာလျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် ကြီးကြီးမားမားတွေးခေါ်စိတ်ကူး၍ ကြီးကြီးမားမားဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း အိန္ဒိယပြည်သူ ၁၃၅ သန်းသည် ဆင်းရဲမွဲတေမှုမှ ရုန်းထွက်နိုင်ခဲ့ကြောင်းနှင့် ယင်းသည် လွန်ခဲ့သော ၉ နှစ်တာကာလအတွင်း ချမှတ်ဆောင်ရွက်ခဲ့သောမူဝါဒများက နိုင်ငံကို မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့သည့် သက်သေပင်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ IECC စီမံကိန်းသည် ပရာဂါတိမယ်ဒန်(Pragati Maidan)ရှိ ခေတ်မမီတော့သော အဆောက်အဦများကို အသစ်ပြည်လည်ပြင်ဆင်မွမ်းမံခဲ့သော စီမံကိန်းတစ်ခုဖြစ်သည်။ စီမံကိန်း၏တန်ဖိုးမှာ ရူပီး ၂၇၀၀၀ သန်းခန့်ဖြစ်ပြီး၊ complex ဝန်း၏အကျယ်အဝန်းမှာ ၁၂၃ ဧကဖြစ်ကာ အိန္ဒိယနိုင်ငံ၏ ကုန်စည်ပြပွဲများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများကျင်းပရာ အကြီးဆုံးနေရာတစ်ခုလည်းဖြစ်သည်။ အဆိုပါအဆင့်မြင့်အဆောက်အဦများတွင် ဆွေးနွေးပွဲဗဟိုဌာနတစ်ခု၊ ပြခန်းဆောင်များနှင့် အမိုးပွင့်ခန်းမဆောင်များပါဝင်ကြောင်း သိရသည်။

ဆွေးနွေးပွဲဗဟိုဌာနသည် လူပေါင်း ၇၀၀၀ ကျော်တက်ရောက်နိုင်ပြီး ဆစ်ဒနီမြို့တော် အော်ပရာခန်းမဆောင်ထက် လူအရေအတွက် ပိုမိုဝင်ဆံ့ကြောင်း၊ ဖျော်ဖြေပွဲများ၊အားကစားပွဲများကျင်းပရာ အမိုးပွင့်ခန်းမဆောင်တစ်ခုလျှင် လူပေါင်း ၃၀၀၀ ဝင်ဆံ့ကြောင်းနှင့် အဆိုပါကမ္ဘာ့အဆင့်မီ တည်ဆောက်ထားသော IECC complex ဝန်းသည် အိန္ဒိယနိုင်ငံ၏ကုန်စည်ပြပွဲများနှင့် ဆွေးနွေးပွဲများဆိုင်ရာကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ complex ကို ဟိန္ဒူဘာသာ၏ အမှတ်အသားဖြစ်သော ခရုသင်းပုံသဏ္ဏာန်တည်ဆောက်ထားကာ ရိုးရာလက်မှုအနုပညာလက်ရာများဖြင့် ဆင်ယင်ထားကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

နိုင်ငံတကာဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်ခြင်းဖြင့် နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ပေးနိုင်ပြီး၊ ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်မှု၊ ဘဏ်လုပ်ငန်း စသည့်ဆက်စပ်ကဏ္ဍများကို အကောင်းဆုံးမြှင့်တင်ပေးနိုင်သည့်အတွက် တိုင်းပြည်ဝင်ငွေကို တိုးတက်စေပါသည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် ကမ္ဘာ့အဆင့်မီပြပွဲခန်းမဆောင်များ၊ ဆွေးနွေးပွဲခန်းမဆောင်များစသည့် အထောက်အကူပြုအခြေခံအဆောက်အဦများ လိုအပ်ပါသဖြင့် အိန္ဒိယနိုင်ငံ ၏မကြာသေးမီကဖွင့်လှစ်ခဲ့သော IECC complex ဝန်းသည် မြန်မာနိုင်ငံအတွက် အတုယူစရာနိုင်ငံ့ဂုဏ်ဆောင်နေရာတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုမည့် စီမံကိန်းတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း။

LiveMint၊ “PM Modi felicitates shramjeevis of new ITPO complex ahead of inauguration”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

The Indian Express၊ “Modi Pragati Maidan speech Highlights: India’s growth will be even faster in BJP’s third term, says PM Modi”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

The times of India၊ “In my third term, India will be among top three economies in world, says PM Modi”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

The Hindu Businessline၊ “PM Modi to inaugurate new exhibition centre at Pragati Maidan on Wednesday”၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

Category: International News